30/09/2026
ဆား ရှောင်ဖို့ လိုသလား
ဟင်းချက်ရင် ဆားမပါဘဲ ချက်ရင် အရသာမရှိပါဘူး။
ကျွန်တော်တို့ မြန်မာတွေကလည်း အရသာဆို လေးမှ စားလို့ကောင်းတယ်လို့ ခံစားရတတ်ကြတယ်။
မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ ၊ ကြာဇံချက် အစရှိသဖြင့် စားရင် အရသာပိုပြည့်အောင် ဆိုင်တွေမှာ အစ ငံပြာရည် ပုလင်းလေးတွေ ချပေးထားတတ်ကြတယ်။
ထမင်းစားရင်လည်း ငါးပိရည်လေးနဲ့မှ စားမြိန်တယ် အစရှိ သဖြင့် အရသာ လေးမှ ကြိုက်ကြတယ်။
အရသာ လေးဖို့အတွက်ဆိုရင်တော့ ဆား ၊ ငံပြာရည် အရသာမှုန့် အစရှိသဖြင့် များများ လိုက်ထည့်ရတာပါ။
ဒီလိုမျိုး ဆားဓာတ် များများစားတာက ရေရှည်မှာ နှလုံးနဲ့ ကျောက်ကပ်ကို ထိခိုက်စေနိုင်သလို လေဖြတ်နိုင်ခြေကိုလည်း မြင့်မားစေပါတယ်။
ဒီလိုပြောလို့ ဆားကို လုံးဝရှောင်စရာ မလိုပါဘူး။ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ထဲမှာ ဆားထဲမှာပါတဲ့ sodium ဓာတ်လည်း ပါပါတယ်။ ချွေးထွက်များလို့ ဆားဓာတ်တွေ ဆုံးရှုံးတာများရင်တောင် မောပန်းတာ၊ မူးဝေတာ၊ ကြွက်တက်တာတွေ ခံစားရနိုင်ပါတယ်။
အဲ့အတွက်ကြောင့် ဆားဓာတ်က လုံးဝ ရှောင်ဖို့မဟုတ်ပဲ တစ်နေ့တာ စားမိနေတဲ့ ပမာဏ ကိုသတိထားဖို့ဖြစ်ပါတယ်။
ဟင်းထဲထည့်တဲ့ဆားအပြင် ငါးပိ၊ ငံပြာရည်၊ ပဲငံပြာရည်၊ အချဉ်ဖတ်နဲ့ အဆင်သင့်စားစရာ ခေါက်ဆွဲခြောက် တွေကနေလည်း ဆားဓာတ် ထပ်ရနေတတ်ပါတယ်။
အရွယ်ရောက်ပြီးသူ တစ်ယောက်အနေနဲ့ တစ်နေ့တာ ဆား စားနိုင်တဲ့ ပမာဏက 5 g ပါ။ Sodium နဲ့ဆို 2000 mg ဖြစ်ပါတယ်။
ဆား၊ ငါးပိ၊ ငံပြာရည်မှာ ပါတဲ့ sodium ဓာတ်တွေပါ အားလုံး ပေါင်းထားတဲ့ ပမာဏပါ။
နိုင်ငံတကာ လမ်းညွှန်ချက်တွေအရ ၁ နှစ် အောက် ကလေးတွေ အတွက် ချက်ပြုတ်ရင်တောင် ဆားလုံးဝ မသုံးရပါဘူး။
နှလုံး နဲ့ ကျောက်ကပ် ကျန်းမာဖို့ အတွက်ဆိုရင်
✅ဟင်းချက်ချိန် ဆားနဲ့ ငံပြာရည်ကို လျှော့ထည့်ပါ။
✅စားခါနီး အရသာမမြည်းရသေးဘဲ ထပ်မဖြည့်ပါနဲ့။✅ငါးပိရည်နဲ့ ငံပြာရည်ကို ဟင်းပွဲတိုင်းမှာ များများမသုံးဘဲ ပမာဏသတိထားပါ။
အသက်ကြီးလာတဲ့အခါ တချို့သူတွေမှာ အနံ့နဲ့ အရသာခံနိုင်စွမ်း ပြောင်းလဲလာပြီး ဟင်းကို အရသာပေါ့တယ်လို့ ခံစားရနိုင်ပါတယ်။ အဲဒီအခါမျိုးမှာ ဆားထပ်ထည့်မယ့်အစား ကြက်သွန်ဖြူ၊ ချင်း၊ သံပုရာသီးလို အနံ့အရသာပေးတဲ့ ပစ္စည်းတွေကို စမ်းသုံးကြည့်ပါ။
အစားအသောက်ကို အရသာရှိရှိ စားလို့ရပါတယ်။ အငန်အရသာကိုတော့ တဖြည်းဖြည်း လျှော့စားကြဖို့ အကြံပြုလိုက်ရပါတယ်။
သင်ကိုယ်တိုင်က သင့်အတွက် အကောင်းဆုံးဆရာဝန်ပါ။
တစ်ယောက်ချင်းစီ တိုင်း စိတ်ရောကိုယ်ပါ ကျန်းမာကြပါစေ
ဒေါက်တာရဲရင့်
အာဟာရအထူးပြု ဆရာဝန်